ဘ၀ဆိုတာ အနုပညာ

Friday, June 25, 2010

ထမခြောက်လေး တစ်စလယ်နဲ့ မိုးခေါင်ခိုင်းတဲ့လူ

ဒီနေ့ ကျွန်တော် FEC သွားလှဲတော့ ၉၁၅ ကျပ်ပဲ ပေါက်ဈေးရှိသည်။ ကျွန်တော် တော်တော်ဖု သွားသည်။ ပြီးခဲ့ အပတ်က လှဲတာ ၉၆၀ ရသေးသည် တစ်ပတ်အကြာမှာ ၉၁၅ ကျပ်ဆိုတော့ ဘယ်လိုဖြစ်တာလဲ ကျွန်တော်စဉ်းစားလို့ကား ဥာဏ်မမှီ။ ကျွန်တော် FEC လှဲနေကျ ဆိုင်က အမကြီးကတော့ ပြောရှာသည် “မောင်လေးရယ် အခုဈေးတွေကျနေတယ်............. ”

ကျွန်တော် မှတ်မိသလောက် ၂၀၀၅ ခုနှစ် ပတ်ဝန်းကျင် တစ်ဒေါ်လာလျှင် မြန်မာငွေ ကိုးရာကျော်ကျော်ပတ်ဝန်းကျင် တွင်ပေါက်ဈေးရှိသည်။ ထိုစဉ်က ဘဲဥတစ်လုံးကို ငါးဆယ်ကျပ်ပေးရသည်။ ကျွန်တော် ၀ယ်နေကျ ဆန်တစ်အိတ်ကို တစ်သောင်းရှစ်ထောင် ပေးရသည်။ နောက်တော့ ဘယ်လိုဖြစ်သည်မသိ ဒေါ်လာဈေးက ရုတ်တရက်ခုန်တက်သွားသည်။ တစ်ဒေါ်လာကို တစ်ထောင်ကျော်ဈေး။ အဲဒီတော့ ကျွန်တော် ၀ယ်နေကျ ဘဲဥတစ်လုံးကို ငါးဆယ်နှင့် မရတော့သလို ကျွန်တော်ဝယ်နေကျ ဆန်တစ်အိတ်ကို တစ်သောင်းရှစ်ထောင်နှင့် မရတော့ပေ။ ဘာကြောင့်လဲ ဆိုတော့ ဒေါ်လာဈေးတက်လို့လေ.......

ကျွန်တော်ငယ်ငယ်က အဖေပြောပြသော ပုံပြင်လေးတစ်ပုဒ်ကို အခုအထိ အမှတ်ရနေပါသေးသည်။ ပုံပြင်လေးနာမည်က ထမခြောက်(ထမင်းခြောက်) တစ်စလယ်နဲ့ မိုးခေါင်ခိုင်းတဲ့လူတဲ့။ ပုံပြင်ထဲက လူမှာ ထမခြောက် တစ်စလယ်(ဆန်နို့ဆီဗူးနှစ်လုံး)ရှိသည်။ ထိုထမင်းခြောက်လေး တစ်စလယ်ကို ရောင်းလျှင် ဈေးကောင်းရဖို့ဆိုလျှင် ဆန်စပါး ရှားမှဖြစ်မည်။ ဆန်စပါးရှားဖို့ဆိုလျှင် မိုးခေါင်ပြီး ဆန်တွေအထွက်နှုန်းကျမှ ဖြစ်မည်။ သို့ကြောင့် သူ့ထမခြောက်လေး တစ်စလယ်ကို ရောင်းရင် ဈေးကောင်းရဖို့အတွက် မိုးခေါင်ပါစေလို့ ဆုတောင်းပါတော့သည်။ ပုံပြင်ထဲက လူကတော့ သူ့ထမခြောက်လေး တစ်စလယ်ကို ဈေးကောင်းရဖို့ အရေးတတိုင်းပြည်လုံးကို ဒုက္ခရောက်ခိုင်းနေသည်။

ကျွန်တော်လည်း တစ်ခါတစ်လေ ပြန်စဉ်းစားမိသည်။ ရတဲ့ လစာ FEC နှစ်ပဲခြောက်ပြားလေး ဈေးကောင်းရဖို့ ဈေးတွေစွတ်တက်ခိုင်း နေသလိုများဖြစ်ပြီလား။ ကျွန်တော်ကတော့ ကိုယ်များများရဖို့အတွက်တစ်ခုတည်းနဲ့ FEC ဈေးတွေကို စွတ်တက်စေချင်သည်မဟုတ်ပါ။ ဒေါ်လာဈေးတွေတက်လျှင် ကုန်ဈေးနှုန်းတွေက ဒေါ်လာဈေးတက်လို့ဆိုပြီး စွတ်လိုက်ကြသည်။ ဒေါ်လာဈေးတက်တာက နှစ်လက်မလောက်ဆိုရင် ကုန်ဈေးနှုန်းတွေက နှစ်ပေလောက် ခုန်တက်လိုက်ကြသည်။ ဒေါ်လာဈေးကျတော့ ကုန်ဈေးနှုန်းတွေက ထင်သာမြင်သာအောင် လိုက်မကျ မသိချင်ယောင် ဆောင်နေကြသည်။ ဘယ်သူ့ကို အပြစ်တင်ရမည်မသိ။ ကျွန်တော် တရားခံလိုက်ရှာကြည့်သည်။ ကုန်သည်တွေလား ကုန်ခြောက်ဆိုင်တွေလား လူပုဂ္ဂိုလ်တွေလား။ နောက်ဆုံးတော့ ကိုယ့်ကိုသာ အပြစ်တင်ပါတော့သည်။ ကိုယ်မှ အသုံးမကျခဲ့တာကိုး..........

ဒါကတော့ မြန်မာ့ဆန်စပါး ချင်တွယ်တဲ့ ယူနစ်ပါ
နှစ်လမြူ တစ်လမျက်
နှစ်လက်မျက် တစ်လမယ်
နှစ်လမယ် တစ်စလယ်
နှစ်စလယ် တစ်ခွက်
နှစ်ခွက် တပြည်
လေးပြည် တစ်စိတ်
နှစ်စိတ် တစ်ခွဲ
နှစ်ခွဲ တစ်တင်း


Read More...

Thursday, June 24, 2010

အလုပ်လက်မဲ့........



တစ်ခါတုန်းက အလုပ်လက်မဲ့ တစ်ယောက်ဟာ Micro Soft မှာ သန့်ရှင်းရေး ရာထူးအတွက် အလုပ်သွားလျှောက်တယ်။ ၀န်ထမ်းရေးရာ အကြီးအကဲက သူ့ကို လက်ခံတွေ့ဆုံကာ လူတွေ့မေးမြန်းပြီး လိုအပ်တဲ့ အရည်အချင်းတစ်ချို့ကို စစ်ဆေးတယ်။ အင်တာဗျူးပြီးတော့ ၀န်ထမ်းရေးရာ အကြီးကဲက သူ့ကိုပြောတယ် “မင်း အလုပ်ရပြီ။ မင့်ရဲ့ အီးမေးလိပ်စာ ပေး၊ ဘယ်နေ့ ဘယ်အချိန်မှာ အလုပ်စဆင်းရမယ်ဆိုတာ မင့်ဆီကို အီးမေးပို့လိုက်မယ်….” ၀န်ထမ်းရေးရာ အကြီးကဲက သူ့ဆီမှာ အီးမေး လိပ်စာတောင်းတော့ သူ အလွန် စိတ်မကောင်းဖြစ်သွားပြီး “ကျွန်တော့်မှာ ကွန်ပျူတာ မရှိပါဘူး ဒါကြောင့် အီးမေးလဲ မရှိပါဘူးလို့ ” ပြန်ဖြေလိုက်တယ်။ အဲဒီတော့ ၀န်ထမ်းရေးရာ အကြီးအကဲက သူ့ကို ပြန်ပြောလိုက်တယ် “ ဒီခေတ်ကြီးမှာ အီးမေး လိပ်စာလေး တစ်ခုတောင် မရှိဘူးဆိုရင် အသက်ရှင်လို့ မရသလောက်နည်းပါးပဲ ဒါကြောင့် အလုပ်လဲမရနိုင်ဘူး…..”

သူအလုပ်မရတော့ဘူးလို့ သိလိုက်ရတဲ့အချိန်မှာ သူ့အိပ်ကပ်ထဲမှာရှိတဲ့ ပိုက်ဆံ ဆယ်ဒေါ်လာနဲ့ ဘ၀ကို ဘယ်လိုရပ်တည်ရမလဲ ဆိုတဲ့ အတွေးနဲ့ သူ ခြောက်ခြား သွားတယ်။ နောက်ဆုံးမှာတော့ သူဆုံးဖြတ်ချက်ချတယ်။ ပြီးတော့ စူပါမတ်ကက်တစ်ခုကို သွားပြီး စတော်ဘယ်ရီသီး ဆယ်ပေါင်ကို ၀ယ်လာခဲ့တယ်။ ပြီးတော့ မြို့ထဲက အိမ်တံခါးတွေကို လိုက်ခေါက်ပြီး သူဝယ်လာတဲ့ စတော်ဘယ်ရီကို ဈေးနှဆတင်ကာ လိုက်ရောင်းတယ်။ အဲလို အိမ်တံခါးပေါက်တွေမှာ လိုက်ရောင်းရင်းနဲ့ သူ့ရဲ့ စတော်ဘယ်ရီတွေဟာ နှစ်နာရီအတွင်း ကုန်သွားတယ်။ ပြီးတော့ သူရတဲ့ ပိုက်ဆံနဲ့ စူပါမားကက်ကို ပြန်သွား စတော်ဘယ်ရီထပ်ဝယ်ပြီး ထပ်ရောင်းတယ်။ အဲဒီနေ့က သူသုံးကြိမ်ထက်မနည်း အသွားအပြန်လုပ်ပြီး ရောင်းလိုက်တာ နောက်ဆုံးမှာ သူအိမ်ပြန်တော့ အိပ်ကပ်ထဲမှာ ဒေါ်လာခြောက်ဆယ် အသားတင်ကျန်တယ်။

အဲဒီမှာ သူ့ အောင်မြင်ရေးလမ်းစကို သူမြင်သွားတယ်။ နောက်နေ့က စပြီး မနက်စောစောသွားကာ ပထနေ့မှာ လုပ်တဲ့နည်းအတိုင်း စူပါမားကက်ကိုသွားလိုက် တစ်ခုခုကိုဝယ်လိုက် ပြီးရင် အိမ်တံခါးပေါက်တွေကို လိုက်ခေါက်ပြိးရောင်းလိုက်နဲ့ သူနေ့တိုင်းလုပ်တယ်။ ဒါကြောင့်သူ့ဝင်ငွေဟာ တစ်ရက်ကို သုံးဆ သုံးဆ တိုးတိုးသွားပါတယ်။ သူဟာ အချိန်တိုလေး အတွင်းမှာ သစ်သီးတွေ တင်ရောင်းဖို့ တွန်းလှည်းလေးတစ်ခုကို ၀ယ်နိုင်ခဲ့တယ်။ သိမ်ကြာခင်လေးမှာပဲ သစ်သီးတင်းရောင်းတဲ့ သူ့တွန်းလေးကနေ သစ်သီးတင်ရောင်းတဲ့ ကားအဖြစ် ပြောင်းလှဲနိုင်ခဲ့တယ်။ နောက်ထပ် အချိန်အနည်းငယ်အတွင်းမှာ သူဟာ ကုန်ပစ္စည်းတွေကို အိမ်တိုင်ယာရောက် ကားတွေနဲ့ လိုက်ပို့ရောင်းချမှုကို ၀န်ဆောင်ပေးတဲ့ လုပ်ငန်းတစ်ခုကို ပိုင်လာတယ်။

ငါးနှစ်ကြာပြီးတဲ့နောက်………

သူဟာ အမေရိကန် နိုင်ငံရဲ့ အကြီးဆုံး စားသောက်ကုန်တွေ ရောင်းတဲ့ စတိုးဆိုင်တွေရဲ့ ပိုင်ရှင်တစ်ယောက် ဖြစ်လာခဲ့တယ်။ အခုလို သူအောင်မြင်ကြီးပွားလာချိန် ရောက်လာတော့ သူ့နဲ့ သူ့မိသားစုရဲ့ အနာဂတ်အတွက် အာမခံထားဖို့ရာ ဆုံးဖြတ်ချက် ချခဲ့တယ်။ ဒါကြောင့် သူ အေးဂျင့်တစ်ခုကို ခေါ်ပြီးတော့ အာမခံအတွက် ဆွေးနွေးခဲ့တယ်။ သူ့နဲ့ အေးဂျင့်နဲ့ စေ့စပ်ဆွေးနွေးလို့ အပြီးမှာ အေးဂျင့်က သူ့ဆီမှာ အီးမေးလိပ်စာ တောင်းတယ်။ ဒီနေ့ဆွေးနွေးချမှတ်လိုက်တဲ့ ပေါ်လစီ အတည်ပြုချက်ကို အီးမေးနဲ့ ပို့ပေးဖို့ပါတဲ့။

အဲဒီတော့ သူက ပြောလိုက်တယ် ကျွန်တော့်မှာ အီးမေး လိပ်စာမရှိပါဘူးတဲ့လေ။ ဒီလို လုပ်ငန်းပိုင်ရှင်ကြီးတစ်ယောက်မှာ အီးမရှိဘူးဆိုတော့ တော်တော်ထူးဆန်းတာပဲ၊ ခင်ဗျားမှာ အီးမေးလိပ်စာတစ်ခုတောင် မရှိပဲနဲ့ ဒီလိုကြီးမားတဲ့ စီးပွားရေးလုပ်ငန်းစုကြီးကို ထူထောင်နိုင်တယ်ဆိုရင် အီးမေးလိပ်စာ ရှိရင် ခင်ဗျား အခုလောက်ဆို ဘယ်ဝရောက်နေပြီလဲ မသိဘူး လို့ အေးဂျင့်က ပြန်ပြောတယ်။

သူက ခဏလောက်စဉ်းစားပြီး တကယ်လို့သာ ငါ့မှာ အီးမေးလိပ်စာ တစ်ခုရှိခဲ့ရင် အခုလောက်ဆို Micro Soft မှာ အိမ်သာဆေးတဲ့လူတစ်ယောက် ဖြစ်နေမှာ ပေါ့လို့ ပြန်ဖြေလိုက်တယ်…….

တကယ်လို့သင့်မှာ အီးမေးလိပ်စာ တစ်ခုမရှိရင်လဲ အလုပ်ကြိုးစားမယ်ဆိုရင် သန်းကြွယ်သူဌေးတစ်ယောက် ဖြစ်လာနိုင်ပါတယ်……

တကယ်လို့ သင်ဟာ ဒီပုံပြင်လေးကို အီးမေးကနေ လက်ခံရှိခဲ့တာဆိုရင် သင်ဟာ မိးလျှံနာဖြစ်ဖို့ထက် သန့်ရှင်းရေးဝန်ထမ်းတစ်ယောက် ဖြစ်ဖို့ပိုနီးစပ်ပါတယ်……

တကယ်တော့ အင်တာနက်ဆိုတာ ကျွန်တော်တို့ဘ၀ထဲက ပြသနာအားလုံးကို မဖြေရှင်းပေးနိုင်ပါဘူး……



ဒီပုံပြင်လေးကတော့ Metacafe မှာတွေ့တဲ့ ပါဝါပွိုင့်လေးတစ်ခုကို တတ်သလောက် မှတ်သလောက် ဘာသာပြန်ထားတာပါ။ အော်ရင်ဂျယ်နယ်ကို ဒီနေရာမှာ သွားဖတ်လို့ရပါတယ်

Read More...

Tuesday, April 20, 2010

မြွေနဲ့ဖားနဲ့ဝေးတဲ့မြေ



ဖားကိုမြွေမြိုတာကို သင်မြင်ဖူးပါသလား။ ထိုအခါ သင်ဘာလုပ်သလဲ........

ရန်ကုန်မှာနေသူ တော်တော်များများကတော့ ဖားကိုမြွှေမြိုသည့် မြင်ကွင်းကို မြင်ဖူးသူ နည်းလိမ့်မည်ဟု ထင်ပါသည်။ ကျွန်တော်တို့ နယ်မှာတော့ မြွေလည်းပေါ ဖားလည်း ပေါသည့်အတွက်ကြောင့် ဖားအားမြွေကမြိုတာကို မကြာခဏဆိုသလို မြင်ဖူးပါသည်။

ဖားသည် သာမန်အချိန်တွင် အုံးအွမ်အုံးအွမ်ဟု အော်သော်လည်း အန္ဒရာယ်ကျရောက်သည့် အခါတွင် အုံးအွမ် အုံးအွမ်ဟု မအော်တော့ပါ။ ပုရစ်အော်သံနှင့် ခပ်ဆင်ဆင်တူသော အသံဖြင့်အော်ပါသည်။ သို့ရာတွင် ပရစ်အော်သံက ရှည်ပြီး ဖားအော်သံက တို၍ ပြတ်တောင်း ပြတ်တောင်းထွက်ပါသည်။

ကျွန်တော်ငယ်ငယ်ကတော့ ဖားကို မြွေမြိုသည့်အသံကြားပြီ ဆိုသည့်နှင့် ခဲလုံးသို့မဟုတ် ဒုတ်ကို ကိုင်ပြီး အသံကြားရာတွင် လိုက်ရှာပါသည်။ တွေ့ပြီဆိုသည့်နှင့် မြွှေကိုခဲနှင့်ပစ် ဒုတ်နဲ့ရိုက်ပြီး ဖားအသက်ကို ကယ်လေ့ရှိသည်။ (မြွေ၏ သဘောသ၀သည် အစာကို ချက်ခြင်းမြိုချနိုင်စွမ်းမရှိပါ။ သူ့အပေါ်ကို အန္ဒရာယ်တစ်စုံ တစ်ရာ ကျရောက်လာသည့်နှင့် ပါးစပ်ထဲက အစာကို ချက်ခြင်းထွေးထုတ်ပြီး အသက်လွှတ်ပြေးတတ်သည့် သဘာဝရှိသည်။ ကျွန်တော့် အတွေ့အကြုံအရ ဖားသည် မြွေပါးစပ်မှ လွှတ်သည်နှင့် ချက်ခြင်း ပြေးနိုင်ပါသည်။ နောက်မှ သေသည်ရှင်သည်တော့ မပြောတတ်ပါ)

ထိုအရွယ်က ငယ်သေးလို့လားမသိ မြွေကိုလည်း တော်တော်အမြင်ကတ်သည်။ လမ်းမှာ သူ့ဖာသာသူ ဖြတ်သွားတာ တွေ့လျှင်ပင် လိုက်ပြီးရိုက်သတ်လေ့ရှိသည်။ ထို့ကြောင့် ဖားတစ်ကောင်အား မြိုနေသည်ကို မြင်၍ ဖားအား ကယ်နိုင်လိုက်လျှင် အသက်တစ်ချောင်းကို ကယ်နိုင်ခဲ့ပြီးဆိုပြီး ကိုယ့်ကိုယ် ကျေနပ်ပိတိဖြစ်လေ့ရှိသည်။

ကျွန်တော်မြို့အလည်မှာ ပန်းချီဆိုင်းဘုတ်တွေရေးသော ပန်ချီဆိုင်တစ်ဆိုင်ရှိသည်။ တစ်နေ့ ကျွန်တော် ထိုပန်းချီဆိုင်အနီးက ရေမြောင်းလေး တစ်ခုမှာ လူတွေ ၀ိုင်အုံနေကြသည်ကို တွေ့ရသည်။ စပ်စုသူပီပီ ကျွန်တော်လည်း ထိုလူအုပ်ထဲသို့ တို့ဝှေ့ကြည့်လိုက်မိသည်။ တို့ဝှေ့ပြီး ကျွန်တော်မြင်လိုက်ရတာက လက်မအရွယ်လောက်ရှိသော မြွှေသေးသေးလေး တစ်ကောင်က သူ့ထက်အဆအများကြီး ကြီးသော ဖားတစ်ကောင်ကို ကိုက်ပြီး ကုန်းပေါ်ကို ဆွဲတင်ဖို့ ကြိုးစားနေသည်။ ကျွန်တော်က မြွေကို မြင်လိုက်သည်နှင့် လက်က ယားနေပြီ ထို့ကြောင့် ခဲတစ်လုံးကို ကောက်ပြီး ပစ်ဖို့လုပ်တော့ ပန်းချီဆရာက ကျွန်တော့်ကို တားသည်။

“မလုပ်နဲ့ ဒါသဘာဝပဲ သူ့အစာကို သူ့ဖာသာသူရှာစားတာ”

ကျွန်တော်အဲဒီတုန်းက ခုနှစ်တန်းလောက်ပဲ ရှိသေးအတွက် ကလေးရွယ်ဖြစ်တာကြောင့် ပန်းချီဆရာကို ကြောက်၍သာ အသာလေးနေရသည်။ ကျွန်တော့်လက်ကတော့ မြွေကိုခဲနှင့် ပစ်ချင်နေသည်။ သို့ရာတွင် မတတ်သာ၍ အများနည်းတူ ဆက်ကြည့်နေလိုက်သည်။

မြွေလေးက ပိန်းရိုးတွေကို အားပြုပြီး ဆွဲတင်လိုက် ဖား ရုန်းလိုက်လျှင် အားချင်းမမျှသည့်အတွက် ပြန်ကျသွားလိုက်နှင့် ဖြစ်နေသည်။ နောက်တော့ မြွေက သူ့အမြီးကို ပိန်းရိုးတွေပေါ်မှာ ကြိုးနှင့်ချီသလို မြဲအောင် ချီထားပြီး တဖြည်းဖြည်းချင်း ဆွဲတင်တော့ ဖားက ရေထဲကနေ ကုန်းပေါ်ကိုပါ လာသည်။ မြွေက ကုန်းပေါ်ရောက်အောင် ဖားကို ဆွဲတင်သွားနိုင်ပြီလည်းဆိုရော ပန်ချီဆရာလည်း ထွက်သွားသည်။ ပန်းချီဆရာ ထွက်သွားနှင့် ကျွန်တော် မြွေကို ခဲနှင့်စပစ်ပါတော့သည်။ ကျွန်တော်ခဲနှင့် ပစ်သည့်အတွက် မြွေက ဖားကို ပစ်ထားပြီး ကိုယ်လွှတ်ရုန်းပြေးသွားသည်။ ကုန်းပေါ်တွင် ခုန်ဆွခုန်ဆွနဲ့ ကျန်ရစ်ခဲ့သော ဖားကို တုတ်နှင့် ကလော်ပြီး မြောင်းထဲ ပြန်ချထားခဲ့လိုက်သည်။

* * * * *

တစ်လောက ပြသနာ တော်တော်တက်လိုက်သည်။ သို့ပေမယ့် တက်သည့်ပြသနာက ကိုယ့်ပြသနာမဟုတ်။ သူငယ်ချင်း လင်မယားနှစ်ယောက်ကြားက ပြသနာ။ ယေကျာင်္းဖြစ်သူက ရှုပ်သည်။ မိန်းဖြစ်သူက ယေကျာင်္းရှုပ်တာကို လိုက်စုံစမ်းနေသည်။ အမှန်တိုင်းပြောရရင်တော့ လင်ရယ်မယားရယ်လို့ ဖြစ်လာပြီးတော့ မကွဲစေချင်ပါဘူး။ ဒါကြောင့် သူငယ်ချင်းဖြစ်သူကို နည်းနည်းဆင်ချင်ဖို့ သတိပေးသည်။ သူက သတိပေးလဲ ပေးငပေး သူ့အကျင့်တိုင်း နေမြဲတိုင်းနေသည်။

ပြသနာက တဖြည်းဖြည်းကြီးလာတာအမျှ ယေကျာင်္းဘက်ကပဲ ပါရမလိုလို မိန်းဘက်ပဲ ပါရမလိုလို။ ယေကျာင်္းဘက်က ပါပြန်ရင်လဲ အိမ်ထောင်မှုဖောက်ပြန်တာကြိးကို အားပေးရာရောက်မည်။ အားမပေးပဲ သူလုပ်နေတာကိုရပ်သွားအောင် ဇွတ်အတင်း လိုက်ဖျက်ရအောင်ကလဲ မဟုတ်တတ်။ ကြာလာတော့ မိန်းမဖြစ်သူက သူယေကျာင်္း ရှုပ်တာ ကျွန်တော်တို့ မြောက်ပေးလို့ပဲ ဖြစ်တာလိုလို ဘာလိုလို ထင်လာသည်။ ယေကျာင်္းကလဲ သူရှုပ်တာ မိန်းမသိတယ်ဆိုတော့ ကျွန်တော်တို့ပဲ သတင်းပေးလို့ သိတာလိုလို ဘာလိုလို ထင်လာသည်။

* * * * *


အခုနေ ပြန်စဉ်းစားကြည့်တော့ မြွေကနေ ဖားကို မြိုနေတာတွေ့ရင် ကယ်သင့်လား မကယ်သင့်လားဆိုတာ စဉ်းစားစရာဖြစ်လာသည်။ အင်အားကြီးသူက နှင့် အင်အားနည်းသူ ဖြစ်နေသည့်အတွက် ကယ်သင့်လား။ ပန်းချီဆရာ ပြောသလိုပဲ ဒါသဘာဝပဲ သူ့အစာကို သူ့ဖာသာရှာစားဆိုပြီး ကြည့်နေသင့်လား။ ဘယ်ဟာမှန်လဲ ကျွန်တော်သေသေချာချာ မစဉ်းစားတတ်။

ဘာပဲဖြစ်ဖြစ် ရန်ကုန်ရောက်လာပြီးကတည်းက ဖားကမြွေကိုမြိုတာ တစ်ခါမှမတွေ့ရတော့ပေ။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်နေတဲ့နေရာက မြွေတွေဖားတွေနဲ့ဝေးနေလို့ ဖြစ်ပါလိမ့်မည်။


Read More...

Thursday, April 01, 2010

ဓာတ်ပုံကောင်းတစ်ပုံရဲ့ လျှို့ဝှက်ချက်


ရှင်းလင်းပြတ်သားသော Back ground ကို ရွေးချယ်ပါ

ဓာတ်ပုံကောင်းတစ်ပုံ ဖြစ်ဖို့ ဆိုတဲ့နေရာမှာ သူရဲ့ အဓိက အားသာချက်တွေ အများကြီး ရှိတဲ့ အနက်က ဒီနေ့ ပြောမှာကတော့ ဓာတ်ပုံရဲ့ Back ground ရဲ့ အရေးပါမှုကို ပြောမှာ ဖြစ်ပါတယ်။

အရင်တုန်းက ဓာတ်ပုံတစ်ပုံမှာ ရှင်းလင်းပြတ်သားတဲ့ Back ground ရှိရမယ်လို့ ကျွန်တော့် Editor က ပြောတော့ ကျွန်တော်လက်မခံနိုင်ဘူး ဘာဖြစ်လို့လဲဆိုတော့ အရှေ့က အရာဝတ္ထုက လှနေရင်လဲ ဓာတ်ပုံကောင်း တစ်ပုံ ဖြစ်လာနိုင်တာပဲလေ။ ကျွန်တော်အဲလိုပဲ တွေးပါတယ်။ ဒါပေမယ့် တကမ်း ရိုက်လာတာနဲ့အမျှ သူပြောတဲ့အတိုင်း သေချာ ပြန်စဉ်းစားကြည့်တော့ ဟုတ်ပါတယ် အကောင်းဆုံးဆိုတဲ့ ဓာတ်ပုံတွေရဲ့ ရာနှုန်းပြည့်နီးပါးဟာ ရှင်းလင်းပြတ်သားတဲ့ Back ground ရှိနေတာကို တွေ့ရမှာဖြစ်ပါတယ်။
ဥပမာ အနေနဲ့ ဒီပုံလေးတွေကို ကြည့်ကြည့်ရအောင်



ရှင်းလင်းပြတ်သားတဲ့ Back ground ရှိတဲ့ပုံ



ရှင်းလင်းပြတ်သားတဲ့ Back ground မရှိတဲ့ပုံ

ပထမပုံ မှာကတော့ နောက်ခံ Back ground က ရှင်းလင်းပြတ်သားတဲ့အပြင် အရှေ့ဆုံးက ကိုရင်လေးတစ်ပါးတည်းကိုပဲ Focus လုပ်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီပုံကိုကြည့်လိုက်တာနဲ့ ပြချင်တဲ့ Main Subject ကိုရင်လေးကို ထင်ထင်ရှားရှား မြင်တွေ့နိုင်တာဖြစ်ပါတယ်။

ဒုတိယပုံမှာဆိုရင်လဲ ကိုရင်လေးတစ်ပါးတည်းကို Focus လုပ်ထားတာ ဖြစ်ပေမယ့် နောက်ခံမှာ ပါနေတဲ့ ဥပဇဉ်းက မျက်နှာတစ်ခုလုံး အပြည့်မပါပဲ ပြတ်နေတယ်။ ပြီးတော့ အနောက်မှာ ကားတစ်စီးရှိရှိနေတယ်။ ကားရဲ့ရောင် နောက်က ဥပဇဉ်းရဲ့အရောင်ဟာ အရှေ့က Focus လုပ်ပြထားတဲ့ ကိုရင်လေးနဲ့ ရောနေတဲ့အတွက် ပြချင်တဲ့ Main Subject က ရုပ်လုံးကြွမလာတော့ပါဘူး။ တကယ်လို့များသာ နောက်ခံဟာ ရှင်းလင်းပြတ်သားနေမယ်ဆိုရင် ဒီထက်ကောင်းတဲ့ ပုံလေးတစ်ပုံ ဖြစ်လာမှာပါ။

ဒီနေရာမှာ တစ်ခုမေးစရာ ရှိပါတယ်။ အဲဒါဆိုရင် နောက်ခံရှင်းလင်းပြတ်သားမှု မရှိတဲ့အခါမှာ ကျွန်တ်ာတို့ ဘာလုပ်ကြမလဲ။ ကျွန်တော်နောက်ထပ် ပုံလေး နှစ်ပုံကို ထပ်ပြပါမယ်။



ဒီပုံလေးကတော့ ပဲခူးတိုင်း သနပ်ပင်မြို့နယ် မင်းရွာသွားတုန်းက ရိုက်ခဲ့တာပါ။ ကျွန်တော်ပထဆုံးတွေ့ လိုက်ရတဲ့ အချိန်မှာ အခုလို အနေထားလေးပါ။ ကလေးတစ်ယောက်က ကျွဲပေါ်မှာ တက်စီးပြီး ကလေးတစ်ယောက်က ကျွဲကို ဆွဲသွားတယ်။ သာမှန်အားဖြင့် ပြောမယ်ဆိုရင် ရိုက်လို့လှမဲ့ ပုံလေးတစ်ပုံပါ။ ဒါပေမယ့် ခက်တာက အနောက်မှာ နွားတစ်ကောင်ကလဲ ရှိနေတယ် ပြီးတော့ နောက်ခံအုန်းပင်တွေရဲ့ အရောင်နဲ့ အရှေ့က အရောင်တွေနဲ့ သိပ်ပြီးကွဲပြားမှု မရှိဘူး။ အဲဒါကြောင့် ရိုက်မယ်ဆိုရင် ကိုယ်ပြချင်တဲ့ ကျွဲနဲ့ကလေးတွေရဲ့ပုံက ကြွတက်လာမှာမဟုတ်ဘူး။

အဲဒါကြောင့် ကျွန်တော် ကျွဲရဲ့ ဘယ်ဘက် အခြမ်းကနေ ရိုက်ရာကနေ ညာဘက်ခြမ်းကို ကူးလိုက်တယ်။ ညာဘက် အခြမ်းကနေ ကြည့်ရင် နောက်ခံ သစ်ပင်တွေဟာ ဘယ်ဘက်အခြမ်းက ကြည့်တာလောက် မရှုပ်ပေမယ့် နေလုံးကြီးရှိနေတော့ အလင်းရောင်နဲ့ ထိပ်တိုက်ကြီး ဖြစ်နေတယ်။ အဲဒါကြောင့် F ကို 22 မှာထားပြီးတော့ ရိုက်လိုက်တယ်။



အဲဒီအခါမှာ ဒီပုံလေးရလာတယ်။ ဒီပုံဟာဆိုရင် အရမ်းအကောင်းကြီး မဟုတ်ရင်တောင် ပထမပုံထက်စာရင်တော့ ကိုယ်ပြချင်တဲ့ အကြောင်းရာလေးက ကြွတက်လာတယ်။ F ကို 22 မှာ ထားတဲ့အတွက် နေက ကြယ်လို ဖြစ်သွားတယ် အရှေ့က ရှိတဲ့အရာဝတ္ထုကလည်း မဲသွားတယ်။ ဒီပုံက အဖြူအမည်းပုံမှဟုတ်ပါဘူး Exposure အမှန်က နေရောင်ပေါ်မှာ ရှိနေတဲ့အတွက် ကျန်တဲ့ အရာဝတ္ထုတွေကမည်းသွားတာပါ။

ဒီနေ့ ပြောချင်တဲ့ ဓာတ်ပုံကောင်းတစ်ပုံရဲ့ လျှို့ဝှက်ချက်ကတော့ ဒီလောက်ပါပဲ နောက်ကြုံတဲ့အခါမှ နောက်ထပ် လျှို့ဝှက်ချက်ကို ထပ်ပြောပါမယ်။

Read More...

Wednesday, March 31, 2010

သံဝေဂ

မော်တာလည်တိုင်းသာ ရေတက်မယ်ဆိုရင်
ငါဒီလောက်အထိ ညစ်ပတ်နေမှာမဟုတ်ဘူး

ခလုပ်နှိပ်တိုင်းသာ မီးပွင့်မယ်ဆိုရင်
ငါ့အခန်းတွေ အခုလောက်မှောင်နေမှာမဟုတ်ဘူး


နေနဲ့လနဲ့ တွေ့ဆုံပေးဖို့
ငါတစ်ခါမှ ဆုမတောင်းခဲ့ဖူးဘူး
မီးလာချိန်နဲ့ ရေလာချိန်ဆုံဖို့ကိုတော့
နေ့တိုင်းဆုတောင်းနေရတယ်


မျက်နှာသစ်မဲ့ အချိန်မှာ
ရေလာချိန်နဲ့ မီးလာချိန်ကြုံကြိုက်ခဲ့ရင်
ရိုမီယိုနဲ့ ဂျူးလိယက်တို့
ချစ်သူများနေ့မှာ တွေ့ဆုံထာထက်
ဆယ်ဆမက ပျော်မိမှာတော့အမှန်ပဲလေ

ငါကမ္ဘာပတ်ပြီး
ရွှက်လွှင့်ဖို့ စိတ်ကူးမယဉ်ချင်ပါဘူး
ရေချိုးခန်းက ရေကန်ထဲမှာ
ဖလားခွက်လေး မျှောခွင့်ရရင်ကျေနပ်ပါပြီ

March 31 2010

Read More...

Tuesday, March 09, 2010

ငွေဆောင်





Read More...

Tuesday, January 26, 2010

ခွေး

ခွေးတစ်ကောင်
လမ်းဘေးက အမှိုက်ပုံမှာ
စားကြွင်းစားကျန်တွေကို ရှာဖွေနေလေရဲ့.......

ခွေးတစ်ကောင်
တိရိစ္ဆာန်ဆေးကုန်ခန်းမှာ
အရက်လာဖြတ် တာတဲ့လေ....

ခွေးတစ်ကောင်
အနံ့တစ်ရှုရှုနဲ့
တူမီးထမ်းသူတွေကို လမ်းပြရင်း
အမဲလိုက်နေလေရဲ့........

ခွေးတစ်ကောင်
သူ့သခင်ရင်ခွင်ထဲမှာနေပြီ
အမွေးပွပွလေးတွေကို
ပွတ်သပ်ပေးတာ ခံနေလေရဲ့ .....

လူတစ်ယောက်
လမ်းဘေးမှာအိပ်တယ်
တစ်နေ့တော့ အဲဒီလူသမ္မတဖြစ်သွားတယ်

လမ်းဘေးမှာနေတဲ့ ခွေးကတော့
သေတဲ့အထိ လမ်းဘေးမှာပဲနေသွားကြရတာများပါတယ်
ခင်ဗျားက လမ်းဘေးမှာနေပြီး
ဘာကြောင့် သမ္မတဖြစ်သွားရတာလဲ.....

ငါက ခွေးမှ မဟုတ်တာ

Read More...

ဆုထက်ကုဋေ







မော်ဒယ် ဆုထက်ကုဋေ

မန္တလေးက ကျူရှင်ကျောင်း တစ်ခုအတွက် ကြော်ငြာ ရိုက်ပေးတာပါ

Read More...

Sunday, January 24, 2010

Bar camp

Bar camp တွင် ကင်မရာအသေးလေးနဲ့ ဓာတ်ပုံလှလှလေးတွေ ရိုက်ကြမယ် ခေါင်းစဉ်နဲ့ ကျွန်တော် ဟောပြောပါမယ်။ တက်ရောက်သူများ အားလုံးကို စိမ်းလန်းစိုပြေ ပန်းခြံ စတူဒီယိုမှာ ဓာတ်ပုံရိုက်ရင် 20% လျော့ပေးမယ့် Discount Card များကိုလဲ ပေးသွားပါမယ်။ အချိန်ကတော့ ၂၄.၁.၂၀၁၀ နေ့လည် ဆယ့်တစ်နာရီ နေရာကကတော့ Bar camp Yangon ကျင်းပရာ မြန်မာအင်ဖိုတက်မှာ ဖြစ်ပါတယ်။

Read More...

Friday, December 18, 2009

Terminal


Terminal လို့အမည်ရတဲ့ ဇာတ်ကားလေးတစ်ကားပါ။ ဒီဇာတ်ကို ၂၀၀၄ ခုနှစ်က ရုံတင်ခဲ့တာဆိုတော့ လွန်ခဲ့တဲ့ ငါးနှစ်ကပေါ့ဗျာ။ ငါးနှစ်လောက်တောင် ကြာသွားပြီဆိုတော့ တစ်ချို့လဲ ကြည့်ဖူးပြီးသား ဖြစ်မှာပါ ကျွန်တော်ကတော့ မနေ့ကမှ ကြည့်မိတာ အရမ်းကြိုက်လွန်းလို့ ပြန်ညွှန်းလိုက်တာပါ။

ဒီဇာတ်ကာကို နာမည်ကျော် ဒါရိုက်တာ Steven Spielberg က ကိုယ်တိုင် ထုတ်လုပ် ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ အဓိက ဇာတ်ဆောင် နဗော့စကီး အဖြစ် Tom Hanks က သရုပ်ဆောင်ခဲ့ပြီး လေယဉ်မယ်လေး အဖြစ် ကက်သရီးဇီတာဂျုံးက သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ အင်္ဂလိပ်စကား မပြောတတ်တဲ့ ကရာကိုးဇီးယား(Krakozhia) နိုင်ငံသား နဗော့စကီးဟာ နယူးယောက်မြို့ ထွက်ခွာလာခဲ့ပါတယ်။ ကံဆိုးစွာပဲ သူနယူးယောက်လေဆိပ်ကို ရောက်တဲ့အချိန်မှာ သူပြည်ဝင်ခွင့်မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူထွက်ခွါလာတဲ့ အချိန်လေးမှာပဲ တိုင်းပြည်တွင်းမှာ ပြသနာဖြစ်ပြီး တိုင်းပြည်ပျက်သွားတဲ့အတွက် သူ့ရဲ့ ပတ်စပို့နဲ့ ဗီဇာကို နယူးယောက်လေဆိပ်က အသိအမှတ် မပြုတော့လို့ ဖြစ်ပါတယ်။

ဒါကြောင့်သူဟာ နယူးယောက်မြို့ထဲလဲ ၀င်ခွင့်မရ ကိုယ်နိုင်ငံကိုယ်လဲ ပြန်ခွင့်မရှိနဲ့ လေဆိပ်ထဲမှာ သောင်တင်သွားခဲ့ပါတယ်။ အဲဒီလို သောင်တင်ခဲ့ တဲ့အချိန်တွင်းမှာ ဖြစ်ပြက်ခဲ့တဲ့ အကြောင်းရာလေးတွေကို ရယ်စရာ ကြည်နူးစရာ ၀မ်းနည်းစရာလေးတွေနဲ့ ပေါင်းစပ် ရိုက်ကူးထားတာဖြစ်ပါတယ်။

ကျွန်တော်ကိုယ်တိုင်က ကိုယ်ကြည့်မဲ့ ဇာတ်လမ်းကို ဘာဖြစ်မယ်ဆိုတာ ကြိုသိနေရင် အဲဒီဇတ်လမ်းကိုမကြည့်ချင်တော့ဘူး။ အဲဒါကြောင့် ဇာတ်လမ်းအကြောင်းတော့ ဆက်မပြောတော့ပါဘူး။ ကိုယ့်ဘာသာကိုပဲ ၀ယ်ကြည့်လိုက်ကြတော့နော်။


ဟုတ်တယ် ကျွန်တော် ကရာကိုးဇီးယား နိုင်ငံသားပါ




နေ့ခြင်းညခြင်း ခိုကိုးရာမဲ့ ဖြစ်သွားတဲ့အခါ



လေဆိပ်က အရာရှိမလေးနဲ့ အောင်သွယ်ပေးရင် စားစရာပေးမယ်


အောင်သွယ်အလုပ်ဆိုတာ လွယ်တာတော့မဟုတ်ဘူး


လေယဉ်မယ်လေးနဲ့ ပထဆုံးတွေ့ဆုံအခါပေါ့ ကဗျာတော့ သိပ်မဆန်လှဘူး



ဒုတိယအကြိမ် ထပ်ဆုံတော့ စာအုပ်ဆိုင်မှာ



လေယဉ်မယ်လေးနဲ့ ကဗျာဆန်ဆန်ညစာစားပွဲလေးပေါ့


သူကလေဆိပ်ထဲမှာ ကယ်တင်ရှင်လဲ လုပ်လိုက်သေးတယ်


ဒီဇတ်ကားမှာ ထူးခြားတာက ကရာကိုးဇီးယား ဆိုတဲ့ နိုင်ငံက အပြင်မှာ တကယ်မရှိပါဘူး။ စာရေးဆရာရဲ့ စိတ်ကူးယဉ်နိုင်ငံလေး တစ်ခုပါ။ နောက်ပြီးတော့ နဗော့စကီးက ဘာဖြစ်လို့ နယူးယောက်ကို လာချင်ရတာလဲ ဆိုတဲ့ အချက်လေးကလဲ မဖြစ်နိုင်ပေမယ့် စိတ်ဝင်စားဖို့ကောင်းပါတယ်။ နောက်ပြီးတော့ လေယဉ်မယ်လေးနဲ့တွေ့ပြီး ခင်မင်ရင်းနှီးသွားပုံလေးကိုလဲ ကြည်နူးဖွယ်ရာ ရိုက်ပြထားပါတယ်။

ဒီခွေက ထွက်တာ ငါးနှစ်ရှိပြီဆိုပေမယ့် ရန်ကုန်မြို့ရဲ့ DVDစာတန်းထိုး ဈေးကွက်ထဲကို အခု တဖန် ပြန်ရောက်လာကြောင့် ၀ယ်ယူရလွယ်ကူမှာပါ။

Read More...